Saturday, 7 July 2012

သ၀န်တိုနဲ့ အချစ်
တခါက သ၀န်တိုနဲ့ အချစ်ဆိုတဲ့ လူနှစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက်ဟာ မတဲ့အတူနေနေတဲ့သူတွေဖြစ်ကြသလို သူတို့လောက်ချစ်တာလဲ နှစ်ယောက်မရှိ။ သူတို့လောက် ရန်ဖြစ်တာလဲ နှစ်ယောက်ပိုမရှိဘူး။ တစ်သက်လုံး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ ဘ၀ကို အတူတူကျော်ဖြတ်ခဲ့ကျတယ်။ တစ်နေ့တော့ သူတို့နှစ်ယောက်ဟာ ဖြေရှင်းမရလောက်အောင်ကို ပြဿနာအကြီးအကျယ်တတ်ကြတယ်။ သူတို့ဘ၀မှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ပဲ အဆုံးသတ်နိုင်မလားထင်ထားခဲ့တာ နောက်ဆုံးတော့လဲ သီးမခံ ဖြေရှင်းမရလောက်အောင်ကို ဖြစ်သွားကြတယ်။ လျှော့မရ တင်းနေတဲ့အချိန်မှာ သ၀န်တိုက ဒီလိုနဲ့ စကားစလာခဲ့တယ်...
***** ~~~~~~ *****
“နင်ဆိုရင်လေ ငါ့ကိုဆို အမြဲတမ်းစိတ်ကောက် စိတ်ဆိုးနဲ့ လူရှေ့သူရှေ့လဲ မရှောင် ငါ့ ဂုဏ်သိက္ခာကိုလဲ နဲနဲမှမငဲ့ညှာဘူး နင့် မျက်နှာကြီးက တလောကလုံးကပဲ နင့်လုပ်စာကို ထိုင်စားနေရတဲ့ပုံစံနဲ့ မျက်နှာကြီးကို ဆူပုတ်တင်းရင်းနေတော့တာပဲ။ သူငယ်ချင်း မိန်းခလေးနဲ့လဲ စကားမပြောရ။ ဆေးလိပ်လဲ မသောက်ရ။ စိတ်ညစ်လာရင်လဲ အရက်မသောက်ရ။ ငါ ဘယ်ရောက်ရောက် နင့်ကို အမြဲတမ်း အသိပေးနေရမှ။ ငါ ဘယ်သွားသွား နင်ပါနေမှ။ ကြာလာတော့ဟာ ငါလဲ စိတ်ကျဉ်းကြပ်လာတယ်။ ထင်ရာဆိုင်းလုပ်ပစ်လိုက်ချင်တော့တယ်။ နင့်ကိုလဲ စိတ်ကုန်လာမိပြီ။ နောက်ဆုံးထိကွာ နင့်ကိုတောင် ငါ လမ်းခွဲချင်လာတဲ့အထိပါပဲဟာ။။။။။။။”
သူ့ရဲ့ ပြတ်သားတဲ့ စကားလုံးတွေကြောင့် သ၀န်တိုက သိမ်းမရထိန်းမရ မျက်ရည်ပေါက်ကြီးပေါက်ငယ်တွေ ပေါက်ပေါက်ကျလာပါလေရော။ အချစ်မှာ လမ်းခွဲချင်လောက်တဲ့ထိ ဖြစ်သွားမယ်ဆိုတာ သူ တခါမှ မတွေးမိ မစဉ်းစားမိတဲ့အရာမဟုတ်လား။ နှစ်အတော်တန်ကြာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ တူတူအေးတူပူမျှ လက်တွဲလာခဲ့ပြီးမှ ခုတော့ ထင်မှတ်မထားတဲ့ စကားလုံးတွေက သူ့ရဲ့ နှုတ်ခမ်းဖျားလေးပေါ်က လွှင့်ထွက်လာခဲ့ပြီ။ ဘယ်လိုလုပ်ရမလဲ။ သူ့ကိုလဲ ကိုယ်ကမခွဲနိုင်မခွာရက် အရမ်းချစ်ခဲ့တာလေ။ လမ်းခွဲဖို့မပြောနဲ့ မျက်စိအောက်က နဲနဲမှ အလွတ်ခံချင်တာမဟုတ်ဘူး။ ဒါပေမယ့် ချစ်နေတော့လဲ သူပျော်ရွှင်အောင် ထားပေးချင်ခဲ့တာပဲလေ။ တခါတလေမှာတော့ စိုးရိမ်စိတ်နဲ့ သတိပေးခဲ့တာ အမှားဖြစ်သွားနိုင်တယ်ဆိုတာမှန်း တခါမှ သတိမထားခဲ့မိဘူး။ ခုတော့ ခုတော့…..ခုတော့……………………………………. ဘာတွေ ဘယ်လို ဖြစ်သွားကုန်ရတာလဲ…။။။။။။။။။။
ငိုနေလို့ပြီးတဲ့ကိစ္စမဟုတ်ဟု ကိုယ့်ကိုကိုယ်ပြန်အားတင်းရင်း ကျနေတဲ့မျက်ရည်တွေကို သုတ်သင်လိုက်ပြီး အချစ်ကို သူ ဒီလို ပြန်ဖြေခဲ့ပါတယ်။
***** ~~~~~~ *****
“ငါ့ရဲ့ လုပ်ရက်တွေက နင့်ကို အနေကျဉ်းကြပ်စေတယ်ဆိုရင် ငါ တောင်းပန်ပါတယ်။ အဲဒီလိုဖြစ်သွားအောင် ငါ မရည်ရွယ်ခဲ့ပါဘူး။
နင့်ကို ချစ်တဲ့အချစ်စိတ်တစ်ခုကြောင့် ငါ သ၀န်တိုမိတာပါ။
လူရှေ့သူရှေ့မှာ ငါ မျက်နှာဆူပြတယ်ဆိုတာက နင့်ဂုဏ်သိက္ခာကို မငဲ့ညှာတာမဟုတ်ပါဘူး နင့်ကို ဂရုစိုက်နေတဲ့ လူရှိကြောင်းပြချင်တာပါ။
ပြီးတော့ မိန်းခလေးတွေနဲ့ စကားမပြောခိုင်းတာဟာလဲ သူတို့နဲ့ တရင်းတနှီးဆက်ဆံစကားပြောနေဖန်များလာရင် နင် ငါ့ကို မေ့သွားမှာစိုးလို့ပါ။
ပြီးတော့ ဆေးလိပ်မသောက်ခိုင်းတာဟာလဲ နင့် ကျန်းမာရေးနဲ့ မအပ်ဆက်လို့တားတာပါ။
ပြီးတော့ နင်စိတ်ညစ်နေတဲ့အချိန်မှာ အရက်သောက်ပြီး မူးရူးနေမယ်ဆိုရင် မှားတစ်ထက်အမှားတွေလုပ်မိပြီး လူတွေက နင့်ကို အထင်သေးသွားမှာ ငါ ကြောက်လို့ပါ။
နောက်ပြီးတော့ နင် ဘယ်ရောက်ရောက် ငါ့ကို အသိပေးခိုင်းတာဟာလဲ တကယ်လို့ နင်တခုခုဖြစ်သွားတယ်ဆိုရင် နင့်ဆီ အမြန်ဆုံးနဲ့ ပထမဦးဆုံး ရောက်သွားနိုင်အောင်လို့ပါ။
ပြီးတော့ နင်ဘယ်သွားသွား ငါ နင့်ဘေးနားမှာ အမြဲရှိနေချင်တာလဲ နင် တစ်ယောက်တည်း အူလည်လည်နဲ့ အထီးကျန်နေမှာစိုးလို့ပါ။
ပြီးတော့ ရှင်းရှင်းပြောရမယ်ဆိုရင်ကွာ နင့်ရဲ့အချစ်ကို ငါ ချစ်နေသလို နင့်ရဲ့ အချစ်ကိုလဲ ငါ တန်ဖိုးထားနေလို့ပါ။
ငါ့ရဲ့ သ၀န်တိုမှုတွေကြောင့် နင့်ကို ချုပ်ချယ်ရာကျသွားရင် ငါ အနူးအညွတ်တောင်းပန်ပါတယ်။
နင် ငါ့ကို လမ်းခွဲမသွားခင် နင့်ကို နောက်ဆုံးစကားတစ်ခွန်းတော့ ပြောခွင့်ပြုပေးပါရစေ….
အဲဒါ နင့်ကို ငါ ထာဝရ သိပ် သိပ်ချစ်တယ်။”
***** ~~~~~~ *****
သ၀န်တိုရဲ့ စကားအဆုံးမှာ အချစ်ရဲ့ ရင်ထဲမှာ လှိုင်းကြမ်းတွေ လှုပ်ခါသွားသလို မျက်ရည်တွေလဲ ထိန်းမရသိမ်းမရ သ၀န်တိုနားရောက်သွားပြီး သ၀န်တိုကို တင်းတင်းဖက်ထားလိုက်ရင်း
“ နင်နဲ့ ငါရဲ့ ကြားမှာ ကွဲလွဲနေတဲ့ ငါတို့ရဲ့ အမြင်တွေကို အချစ်မျက်လုံးနဲ့ ကြည့်မယ့်အစား စာနာနားလည်တဲ့ နှလုံးသားနဲ့ ခံစားသိတတ်ရမှာကို ငါ သဘောပေါက်သွားပါပြီ…”
“ ဒီကနေ့ကစပြီး နောက်ဆုံးရက်ထိ ထာဝရသက်ဆုံးတိုင် နင့်ကို ငါ စောင့်ရှောက်ခွင့်ပြုပါနော်….”

တစ်ယောက်ကို တစ်ယောက် မျက်ရည်တွေသုတ်ပေးရင်း တစ်ယောက်ကိုတစ်ယောက် တင်းတင်းထွေးပွေ့ထားရင်း ….

ပြီးသွားပါပြီ………………………………………………….။ ။

(ချစ်တဲ့သူတိုင်း သ၀န်တိုတတ်တာ မဆန်းပေမယ့် တခါတလေ လူတစ်ဖက်သားကို ချုပ်ချယ်ရကျသွားနိုင်သလို သ၀န်မတိုတတ်ပြန်ရင်လဲ တစ်ဖက်သားကို အတွေးတွေတိမ်းစောင်းစေတတ်ပြန်တယ်။ ချစ်လို့ သ၀န်တိုမိတယ်ဆိုရင် အပစ်မမြင်ပါနဲ့။ ချစ်တဲ့နှလုံးသား စာနာတတ်တဲ့နှလုံးသားနဲ့ ကြည့်တတ် မြင်တတ်တယ်ဆိုရင် ချစ်သူနှစ်ဦးကြားမှာ အပျော်ရွှင်ဆုံးသော ပျားရည်ဆမ်းပန်းခင်းလမ်းကို လျှောက်နှင်းနေရသလိုပါပဲ။)

ချစ်တဲ့သူတိုင်း တစ်ဦးပေါ်တစ်ဦး စာနာနားလည်နိုင်ပြီး ထာဝရလက်တွဲသွားနိုင်ပါစေ….
                                                                                             မိုးမဟေ(ဆောင်းနှင်းဖြိုး)
                                                                                                              ၅.၇.၂၀၁၂

No comments:

Post a Comment

Followers